Pages

ရန်ကျော်. Powered by Blogger.

Tuesday, February 4, 2014

သူ့ဘဝ သူ့ကံကြမ္မာ

              လယ်ယာစိုက်ပျိုးရေးကို အဓိကထားပြီး အသက်မွေးဝမ်းကြောင်းပြုနေကြသော ကျေးရွာလေးတစ်ရွာသည် ရွာတစ်ဘက်တွင် လယ်ကွင်းများ ဝိုင်းရံပြီး ကျန်တစ်ဘက်တွင် မြစ်ချောင်းများ ဝိုင်းရံထားသည် ။ 
၎င်းရွာဘေးသည် နွေ ၊ မိုး ၊ ဆောင်း ရာသီဥတုဒဏ်ကို တခြားသောရွာများထက် ပိုမိုဆိုးဝါးစွာခံစားရလေသည် ။
မိုးရာသီဆို မိုးရေများကြောင့် မြစ်ရေများ ရေရှန်ပြီး နေအိမ်များ ရေစိမ်ကြကာ နွေရာသီဆို တစ်ရွာလုံး ရေခန်းခြောက်ပြီး သောက်သုံးရေရှာပါးကြပြီး ဆောင်းရာသီဆို ချမ်းလွန်းလို့ စောင်ခြုံလို့မလုံတဲ့ အနေထားမှာရှိသည် ။ ဘယ်လောက်ပင် ရာသီဥတုဆိုးဝါးနေပါစေ ဗုဒ္ဓဘာသာပီပီ ရာသီအလိုက် အလှူရေစက် လက်နဲ့မကွာရှိကြလေသည် ။ 
                 တစ်နေ့တွင် မောင်စည်သူနှင့် မခင်ခင်သက်တို့ နှစ်ယောက်သား လူငယ်သဘာဝအတိုင်း ချစ်ကျွမ်းဝင်ကာ မေတ္တာမျှနေကြသည်ကို နှစ်ဘက်သော လူကြီးမိဘများက သိ၍ သတင်းကျွေ့သည်နှင့် တစ်ခါတည်း မိဘတို့ဝတ်တရား ရှိသည့်အတိုင်း တောင်းရမ်းကာ ထိမ်းမြားလက်ထပ်ပေးလိုက်ကြသည် ။
                  မောင်စည်သူသည် ထိမ်းမြားပြီးသည့်နောက်ပိုင်း အချစ်ဇနီးရှိရာ ယောက်ခမအိမ်ကို 
ပြောင်းနေလိုက်သည် ။ ယောက်ခမကလည်း သူ့မှာ သားယောင်္ကျားလေးမရှိ၍ သမက်ကို သားအရင်းတစ်ယောက်လို ချစ်ရှာသည် ။ မောင်စည်သူကလည်း ယောက်ခမကို မေအရင်းတစ်ယောက်လို့ ပြန်ချစ်နေတော့ မခင်ခင်သက် မှာ အတိုင်းမသိ ဝမ်းသာပီတိဖြစ်ရရှာသည် ။ တစ်နေ့တော့ မောင်စည်သူသည် အိမ်ထောင်ဦးစီးတစ်ယောက်ရဲ့ တာဝန်ကို ထမ်းဆောင်တဲ့အနေနဲ့ ကိုယ့်ခြေတောက်ပေါ် ကိုယ်ရပ်တည်နိုင်ရန် ယောက်ခမဆီက လယ်တစ်ဧကတောင်းကာ ကျွဲနွားများ မဝင်နိုင်အောင် ခြံစည်းရိုးကာပြီး မိုလာပင် ၊ ခရမ်းပင် ၊ ချည်ပေါင်ပင် ၊ ကဇွန်းပင် နှင့် ပျောင်းပင် စရှိသည့် ဟင်းသီးဟင်းရွက်ပင်များကို စိုက်ထားလေသည် ။ သူတို့နှစ်ယောက် စိုက်ထားသော ဟင်းသီးဟင်းရွက်များသည် တစ်လကျော် လေးဆယ်ငါးရက်လောက်တွင် ကောင်းကောင်းခူးရောင်းနေရပြီဖြစ်၍ လက်ထဲတွင် ငွေနည်းနည်းရွှင်လာသည် ။ နောက်ပြီး သူတို့စိုက်ထားသော ပြောင်းပင်များမှ ပြောင်းဖူးများသည်လည်း နောက်လာမဲ့ ဆယ်ရက် ဆယ့်ငါးရက်အတွင်း ခူးလို့ရနေပြီ ။
ရွာမှာလည်း နောက်ထပ်ဆယ်ရက်လောက်ဆို နတ်တော်လ နတ်သဘင်ပွဲ ရှိသည်ဖြစ်၍ သူတို့ဇနီးမောင်နံ စကားပြောရင်း ပျော်ပျော်ပါးပါးနဲ့ ပြောင်းပင်များရေလောက်နေကြသည် ။

“ သက်ရေ... ဒီပြောင်းဖူးတွေကို ရွာက နတ်သဘင်ပွဲမှာ ခူးရောင်းရအောင်နော် ” 

မောင်စည်သူ သူ့ဇနီးချောလေး မခင်ခင်သက်ကို ချစ်စနိုးလေးနဲ့ လှမ်းပြောနေသည် ။

“ ကောင်းတာပေါ့ ကိုစည်သူရယ်... ဒါနဲ့ နတ်ပွဲက ဘယ်နေ့လဲ ”

“ နတ်တော်လပြည့်နေ့လေ...နောက်ထပ် ဆယ့်သုံးရက်ဘဲ လိုတော့တယ် ”

“ ဟုတ်လား ...  ကျွန်မပျော်လိုက်တာ .. ”

“ ကိုလည်းပျော်တာပေါ့ သက်ရယ်...ဒါပေမဲ့ ကိုယ့်အတွက် အင်္ကျီ
အသစ်တစ်စုံလောက်ဝယ်ပေးဦးနော်..” 

“ ဝယ်ထားပြီးပါပြီ အကိုရယ်.. ဒါပေမဲ့ အမေက နတ်တော်လပြည့်နေ့ကျမှ အကို့ကိုပြဆိုလို့ ကျွန်မလည်း အကို့ကိုမပြဘဲ သိမ်းထားတယ်,. ”

“ ဟုတ်လား...ဘာရောင်လေးလဲ” 

“ ဟင့်အင်း... မပြောဘူး လပြည့်နေ့ရောက်မှာ တစ်ခါတည်းပေးဝတ်မယ်”

“ အေးပါရပါတယ်.. ဒါနဲ့ သက်အတွက်ရော ဝယ်ထားပြီးပြီလား ”

“ ဟင့်အင်း..မဝယ်ရသေဘူး ” 

“ သက် လည်းဝယ်ဝတ်လေ.. ”

“ ဟင်းအင်း.. မဝယ်တော့ဘူး.. သက်မှာ မင်္ဂလာမဆောင်ခင်က ကိုစည်သူလက်ဆောင်
ပေးထားတဲ့ ပါတိတ်ဝမ်းဆက် လေးတစ်စုံရှိသေးတယ်လေ..တစ်ခါမှာ မဝတ်ရသေးဘူး ”

“ ဟုတ်သားဘဲ ”

လင်မယားနှစ်ယောက် ရေလောင်းရင်း အချစ်ကျွမ်းဝင်နေကြပြီး မကြာခင် မခင်ခင်သက်က သူ့ခင်ဖွန်းကို ထိန့်လှန့်စွာဖြင့် အော်ပြီး ခေါ်လိုက်သည်မှာ 

“ အောင်မလေး... ကိုစည်သူရေ...ဒီမှာ လာကြည့်ပါဦးရှင်...”

မောင်စည်သူ သူ့ဇနီးခေါ်လို့ ပြေးပြီးသွားကြည့်တော့ ကြွက်များက ပြောင်းပင်လေးငါးပင်လောက်ကို ပင်အရင်းကနေ ကိုက်လှဲပြီး ပြောင်းဖူးများကို စားထားတာတွေ့ရသည် ။ 

“ ဟား... ဘယ်လိုဖြင့်တာလဲ ... ကြွက်တွေ ဒီလိုသာ ညတိုင်း ပြောင်းပင်တွေကို ကိုက်လှဲပြီးစားနေမယ်ဆိုရင်တော့ 
နောက်ဆယ်ရက်လောက်ဆို ငါ့ပြောင်းပင်တွေတော့ ကုန်တော့မှာဘဲ ”

“ ဟုတ်တယ်ကိုရယ် ဒီလိုသာ ညတိုင်းလာစားနေမယ်ဆိုရင်တော့ ကုန်မှာသေချာတယ် ”

ဒီလိုနဲ့ ဇနီးမောင်နံနှစ်ယောက် ပြောင်းပင်တွေကို ကြွက်တွေ ထပ်မကိုက်နိုင်အောင် ဘယ်လိုလုပ်ရင်ကောင်းမလဲ ဟု တွေးရင်း ခေါင်းစားနေကြသည် ။ နောက်ဆယ်မီနစ်လောက်ကြာတော့ 

“ သက်ရေ.. ကို အကြံရပြီ ”

“ ဘယ်လိုလုပ်မလဲ ကိုစည်သူ ”

“ ကြွက်ဆေးချကျွေးမယ်ကွာ ” 

“ ဘယ်လိုချကျွေးမှာလဲ အကို ” 

“ ငါးတွေမှာ ကြွက်ဆေးလိမ်းပြီး ပြောင်းခင်းထဲ ချထားလိုက်ရင် ဒီအကောင်တွေ ငါးအနံရပြီး စားမှာသေချာတယ် ”

မောင်စည်သူတစ်ယောက် ပြောပြောဆိုဆိုနဲ့ ဇနီးသည်ကို ရွာထဲဝင်ပြီး ကြွက်ဆေးသွားဝယ်ခိုင်းလိုက်တယ်။
သူကတော့ မြစ်ချောင်းထဲမှာ ငါး သုံးလေးကောင်ဖမ်းပြီးထိုင်စောက်နေသည် ။

“ ကိုစည်သူရေ...ဒီမှာ ကြွက်ဆေးတွေရလာပြီ ”

“ အေ ဒီနားကိုယူလာခဲ့ ”

                မောင်စည်သူတစ်ယောက် စိတ်ပါလက်ပါနဲ့ သူဖမ်းထားသော ငါးများကို လက်မအရွယ်စားလောက် တုံးသေးသေးလေးတွေတုံးပြီး ကြွက်ဆေးများနှင့် ရောနယ်ကာ ပြောင်းခင်းထဲတွင် နေရာအနှံ လိုက်ကျဲထားလေသည် ။ 
                မနက်ဖြန်ရောက်လို့ ပြောင်းခင်းထဲ ဝင်လာကြည့်တော့ သူချကျွေးထားသော ငါးတွေကို ကြွက်များက လုံးဝမစားကြ ဒါပေမဲ့ ပြောင်းပင်လေးငါးပင်ကို ကိုက်လှဲပြီး ပြောင်းဖူးများကိုတော့ စားထားတာတွေ့ရသည် ။ မောင်စည်သူ ရုတ်တရက် အံသြသွားပြီး တွေဝေနေမိသည် ။ ဒီအတိုင်းတော့ သူလက်မလျှော့ “ ဒီနည်းနဲ့မရရင် နောက်တစ်နည်းပေါ့ ”
ဟု ကြိမ်းကာ ဆံတွေကို ကြွက်ဆေးလိမ်းပြီး ပြောင်းခင်းထဲ ကျဲထားလိုက်ပြန်သည် ။
ဘာလိုလိုနဲ့ အချိန်သာ တစ်ပါတ်ပြည့်သွားပြီး ပြောင်းပင်တွေသာ တဖြေးဖြေးကုန်နေပြီ သူကြံစဉ်ထားတာတွေဟာ အချိန်ကုန်သည်သာ ဖတ်တင်သည်။ နောက်ဆုံးတော့ သူ့လိုဘဲ ပြောင်းပင်တွေ စိုက်ထားတဲ့ ရွာလယ်က ဦးဝေလွင် ဆီပြေးပြီးမေးရလေသည် ။

“ ဦးဝေလွင်ရေ... ကျွန်ပ်ကို တစ်ခုလောက် ကူညီပါဦးဗျာ ”

“ စည်သူ မင်းဘာတွေဖြစ်လာလို့လဲ ”

“ ကျွန်တော်မဟုတ်ဘူး .. ကျွန်တော် စိုက်ထားတဲ့ ပြောင်းပင်တွေဗျ ”

“ ပြောင်းပင်တွေ ဘာဖြစ်လိုလဲ ”

မောင်စည်သူ သူ့ပြောင်းပင်တွေကို ကြွက်ကိုက်တဲ့ ပြဿနာကို အစကနေ အဆုံးထိ ရှင်းပြလေတော့

“ ငါလည်း အရင်က ဒီလိုကြုံခဲ့ဘူးတယ်ကွ ၊ ဟယ်...ဟယ်...အခုတော့ ဒီကြွက်တွေ ငါ့ခြံနား မကပ်ရဲးတော့ဘူးကွ ” 

“ ဘယ်လိုလုပ်တာလဲ ဦးဝေလွင်ရယ်...ကျွန်ပ်ကိုလည်း နည်းလမ်းလေးဘာလေး ပေးပါဦးဗျ ” 

“ ပေးရမှာပေါ့ကွာ ကို့အတူသားရင်းတွေဘဲကို ... ဒီလိုလုပ်ကွာ. နံသာတိုင်တစ်ထုပ်ကိုယူပြီး တစ်တိုင်နဲ့တစ်တိုင် ကြိုးနဲ့ချည်ပြီး အရှည်ကြီးဖြစ်အောင်ဆက်လိုက် နောက်ပြီး အဲဒီနံသာတိုင်မှာ ဗျောက်အိုးတွေကို ခြောက်လက်မလောက်စီခြားပြီးချည်ထားလိုက် ၊  ပြီးရင် ပြောင်းခင်အလယ် နေရာလွတ်တစ်ခုမှာ အတိုင်တစ်တိုင်စိုက်လိုက် နောက်ပြီး အဲဒီအတိုင်မှာ နံသာတိုင်ကို တွဲလောင်းဆွဲပြီးမီးရှို့ခဲ့ပေါ့ကွာ...ဒါဆို အဲဒီဗျောက်အိုးတွေ မီနစ်နှစ်ဆယ်ခြား သုံးဆယ်ခြားလောက်မှာ တစ်လုံးပြီးတစ်လုံးချင်း တစ်ညလုံးပေါက်နေလိမ့်မယ်...” 

            ဦးဝေလွင်အကြံပေးသည့်အတိုင်း မောင်စည်သူ လုပ်လိုက်တော့ ပြောင်းပင်များ ကြွက်စားခြင်းမှ 
လုံးဝကင်ဝေးသွားလေတော့သည် ။
                  နတ်တော်လပြည့်နေ့ရောက်တိုင်း သူတို့ရွာက နတ်သဘင်ပွဲကြီးကို ဇာတ်ပွဲပါ ငှားပြီးကျင်းပလေ့ရှိသည်ဖြစ်၍ မောင်စည်သူတို့ ဇနီးမောင်နံနှစ်ယောက် ပြောင်းဖူးများကိုခူးပြီး ၎င်းဇာတ်ပွဲတွင် သွားရောင်းကြလေသည် ။ အရပ်နီးဝေးမှ လာရောက်ကြည့်ရှုကြသော ပွဲကြည့်ပရိတ်သတ်များက ကြိပ်ကြိပ်တိုးစည်ကားနေတော့ မောင်စည်သူရဲ့ ပြောင်းဖူးတွေဟာ ည ကိုးနာရီမထိုးခင်လေးမှာပင် ရောင်းလို့ကုန်လေတော့သည် ။ မနက်ဖြန်ရောက်ရင် ဒီထက်ပိုပြီးခူးရောင်းရဦးမှာဘဲ ဟု
အချစ်ဇနီးကိုပြောပြီး ဒီည အိမ်ပြန်အိပ်လိုက်ကြသည် ။
           နံနက် ၈:၀၀ နာရီလောက်ရောက်တော့ သူငယ်ချင်းဖြစ်တဲ့ ဖိုးတေက မောင်စည်သူကို  “ အပြင်ခဏ သွားရအောင်ကွာ ” ဟုပြောကာ လာခေါ်သွားလေသည် ။ မခင်ခင်သက်သည် သူ့ယောင်္ကျား ဖိုးတေနဲ့ပေါင်းတာကို လုံးဝမကြိုက် ၊ ဖိုးတေဟာ အသက်ရွယ်နဲ့ မလိုက်အောင် သောက်စားမူးရစ်နေသေ လူငယ်တစ်ယောက် ။ မူးလာရင်လည်း အညိမ်မနေ လမ်းမှာတွေ့သမျှ လူကြီးလူငယ်မရွေး ဆဲလားရမ်းလား လုပ်တတ်သေးသည် ။ ဖိုးတေကို  မကြိုက်ဘူးဆိုပေမဲ့ မကြာသေးခင်ကမှာ မင်္ဂလာဆောင်ထားတဲ့ သူ့ခင်ဗွန်းကိုတော့ ခင်ခင်သက်မပြောရဲ့ရှာ ဒါကြောင့်လည်း ဘာမှမပြောရဲ့ဘဲ ထည့်လိုက်ရသည် ။ အိမ်က ဇနီးသည်နှင့် ယောက်ခမတို့မှာ  နေ့လယ်စာထမင်းအတူလက်ဆုံစားရန်  စောင့်နေကြတာ ၁၂:၀၀ နာရီသာ ထိုးလေသည် မောင်စည်သူ မရောက်လာ ။ နောက်ဆုံးတော့ မခင်ခင်သက် ရွာထိပ်ကနတ်သဘင်ပွဲဆီလိုက်ပြီးသွားခေါ်လေသည် ။ ဟိုရောက်တော့ မောင်စည်သူတစ်ယောက် လူဘုံအလယ်တွင် အရက်ပုလင်းတစ်လုံးကိုင်ကာ အရှက်မရှိ ဝင်ကနေတာ တွေ့လိုက်ရသည် ။
ခင်ခင်သက် ရှက်လွန်းလို့ ဘာမှမပြောဘဲ အိမ်ကိုပြန်ခဲ့ရလေသည် ။ 
            အိမ်ရောက်တော့ အမေ့ကို အကြောင်းစုံးပြောပြပြီး ပြောင်းဖူးအကူလိုက်ခူးပေးရန် အမေကိုအကူညီတောင်းရလေသည် ။ မသက်သက်ခင် နှင့် သူ့အမေ ပြောင်းဖူးခူးနေရင်း  မောင်စည်သူ အရက်မူးမူးနဲ့ရောက်လာပြီး 

“ သက်ရေ.. တောင်းပန်ပါတယ်ကွာ..ကိုပြန်လာတာ နဲးနဲးနောက်ကျသွားတယ် ”

မခင်ခင်သက် ဘာမှပြန်မပြောဘဲ ပြောင်းဖူးတွေကိုသာ ဆက်တိုက်ခူးနေသည် ။ သူယောင်္ကျားကလည်း မူးမူးရူးရူးနဲ့ ပါးစပ်ကထွက်ရာ ရှောက်ပြောရင် ကြွက်တွေကိုခြောက်ရန် နံသာတိုင်တွေကိုဆက်ပြီး ဗျောက်အိုးတွေ ချည်နေသည် ။ 

“ အောင်မလေး...မေရယ် ဒီမှာလုပ်ပါဦး..” မခင်ခင်သက်လန့်တကြား အော်လိုတော့ 

“ ဘာဖြစ်တာလဲ သမီး.. ” ဟု သူ့အမေ လှမ်းမေးလိုက်သည် ။

“ မြန်မြန်လာပါမေရယ်... ဒီမှာ...ဒီမှာ.... ဖား ဖား ဖား ” မခင်ခင်သက် ငယ်ငယ်လေးကတဲက ဖားကြောက်တတ်သည်ကို တစ်ရွာလုံးကသိကြသည် ။ 

“ ဘယ်မှာလဲ ဖား ” မောင်စည်သူပြေးလာပြီး မေးလိုက်သည် ။

“ ဟောဒီမှာ...ဟော....ဒီမှာ မတွေ့ဘူးလား ” မခင်ခင်သက်ကလည်း စကားမပြောချင်တဲ့ သူယောင်္ကျားကို ရောင်ပြီး ဖြေလိုမိသည် ။

မောင်စည်သူ မပြောမဆိုနဲ့ ဖားကိုဖမ်းကာ လက်ထဲမှာ အသင့်ရှိနေတဲ့ ဗျောက်အိုးသုံးလုံးနဲ့ ဖားခြေထောက်ကိုချည်ပြီး 

“ ဖားစုတ်..မင်းသေစမ်း ငါ့မိန်းမကို လှန့်အောင်လုပ်တဲ့ကောင် ” ဟု ပြောပြီး ရက်ဆက်စွာ ဗျောက်အိုးတွေကို မီးရှို့လိုက်လေသည် ။

“ ဖောင်း...ဖောင်း....ဖောင်း....” ဗျောက်အိုးအသံနှင့်အတူ ဖားတစ်ကောင် ခုန်ဆွခုန်ဆွဖြစ်ကာ ပက်လက်လှန်ပြီး သေသွားရှာသည် ။ မောင်စည်သူ အခုလိုလုပ်ရပ်ကြောင်း သူ့ယောက်ခမ မနေနိုင်တော့ဘဲ ဝင်ပြောရလေသည် ။ 
“ မောင်စည်သူရယ် မင်း လူရော ဟုတ်သေးရဲ့လား...ကိုယ်ချင်းစာစိတ်ရော မင်းမှာရှိသေးရဲ့လား...”

“ တော်စမ်းပါမေရာ...ဒီဖား ကျွန်ပ်မိန်းမကို လှန့်အောင်လုပ်တာ ” ဟုပြောကာ  သေနေတဲ့ဖားကို ပြန်ကောက်ကာ ဗျောက်အိုးတွေနဲ့ ထပ်ချည်ပြန်ပြီး မီးရှို့ရန်လုပ်နေပြန်သည် ။ ပြောနေရက်သားနဲ့ ထပ်နေတယ်ဆိုတော့ ယောက်ခမလည်း စိတ်တိုတိုနဲ့ဘာမှာ မပြောတော့ဘဲ သူ့သမီးခေါ်ကာ အိမ်ကိုပြန်ကြလေသည် ။ ရွာအဝင် ဘုန်းကြီးကျောင်းနားရောက်တော့ မောင်စည်သူ နောက်က ပြေးလိုက်လာပြီး ယောက်ခမကို လှန်းခေါ်နေသည် ။

“ မေ..မေ...ကျွန်ပ်ကိုစောင့်ဦးလေး ” မောင်စည်သူ၏ ခေါ်သံကြောင့် ယောက်ခမ က ပြန်လှဲ့ကြည့်နေပေမဲ့ 
သူ့သမီးကတော့ လုံးဝပြန်လှဲ့မကြည့် ။တဖြေးဖြေးနဲ့ မောင်စည်သူ ပြေးလိုက်လာတာ ဘုန်းကြီးကျောင်းနဲ့ ငါးလန်လောက်အကွာရောက်မှာ အမှတ်မထင်ဘဲ လေတွေတိုင်လာပြီး လျှက်စီးများလက်ကာ မိုးများရွာချလေသည် ။ အခုလို ကြောက်လန့်ဖွယ်ရာကောင်းတဲ့ မြင်ကွင်းကြောင့် စိတ်ဆိုးနေတဲ့ မခင်ခင်သက်နှင့် သူ့ယောက်ခမတို့က မောင်စည်သူကို စိတ်ပူလို့ ပြန်လှဲ့ကြည့်ပြီးစောင့်နေပေမဲ့ မောင်စည်သူက ရှေ့ဆက်မတိုးတော့ဘဲ လယ်ကွင်းတစ်ခုတွင်ထိုင်ချကာ ဖားလို နှစ်ချက်သုံးချက်လောက် ထခုန်နေတာ တွေ့လိုက်ရသည် ။  ဒီကောင် အရက်မူးပြီး ရူးများရူးသွားသလားလို့ ဇနီးသည်နှင့် ယောက်ခမတို့က လှမ်းကြည့်နေချိန်မှာ ကောင်းကင်ပေါ်မှာ ကြောက်မက်ဖွယ်ရာ လျှက်စီးများလက်ကာ မိုးကြိုးသုံးလတ်ဆက်တိုက်ဖြင့် မောင်စည်သူကို ပစ်လေတော့သည် ။ ဖားကိုရက်ဆက်စွာ ညှမ်းပန်းသတ်ဖြတ်ခဲ့တဲ့ အကုသိုသ်ကံ အပြစ်ကြောင့်လို့ပြောရမှာပေါ့ မောင်စည်သူခမျှာ ဖားလိုဘဲ မိုးကြိုးတစ်ပစ်လည်း ခုန်လို နှစ်ချက်ပစ်လည်း ခုန်လိုက် နောက်ဆုံး ပတ်လတ်ကလေးလှန်ကာ သေရရှာသည် ။ နောက်တစ်ခုက မောင်စည်သူ ပတ်လတ်လှန်ပြီးသေနေတဲ့နဘေးမှာ အနံ နှစ်ပေ လျှား ခြောက်ပေရှိတဲ့ အတွင်းကြီးပါ တစ်ခါတဲ့ရှိနေသည်ဖြင့်၍ ဘဘုန်းဘုန်းရဲ့အမိန့်ရ  ခေတ်လူငယ်များ သံဝေဂ ရစေရန်  မောင်စည်သူနှင့် အတွင်းကြီးကို ခုနှစ်ရက်တိတိ ပြသစေရာ တစ်မြို့လုံးမှာ လူတွေကြိပ်ကြိပ်တိုး  လာရောက်ကြည့်ရှုကြရင်း မခင်ခင်သက်နှင့်ထပ်တူ ဝမ်းနည်းမိရပါသည် ။

သုံးဆယ်တစ်ဘုံ ကြင်လည်ကုန်သော လူနတ်ဗြမ္မာ သတ္တာဝါတို့ ချမ်းသာ ကိုယ်စိတ်မြဲပါစေ ....
သတ္တာဝါ အချင်းချင်းသတ်ဖြတ်ခြင်း ကင်းဝေးကြပါစေ..

ရန်ကျော် ( ထားဝယ် )  ဆက်လက်ကြိုးစားလျှက်


No comments:

Post a Comment

 

Blogger news

Blogroll

About

ကျွန်တော်နာမည်က ရန်ကျော် လို့ခေါ်ပါတယ်။ ဝတ္ထုရေးတာကို အရမ်းဝါသနာပါတယ် ။ စာရေးဆရာ ဖြစ်ချင်တဲ့စိတ်ကတော့ အရူးမူးပါဘဲ။ အခုလို ကျွန်ပ်ရဲ့ ဝတ္ထုတိုလေးတွေကို မဖတ်ချင် ဖတ်ချင်နဲ့ လာဖတ်ပေးတဲ့အတွက် ကျေးဇူးအထူး တင်ပါတယ်ခင်ဗျား ။ ကျွန်ပ်ကို အားပေးစကားလေးတွေ ပြောမယ်ဆိုရင်တော့ yankyawlove@gmail.com အမှာ စကား ၊ အားပေးစကားတွေ ပေးပို့နိုင်ပါတယ်ခင်ဗျား။