ကိုအောင်ဖေ လို့ခေါ်တဲ့ ကျွန်တော်တို့ရွာက အကိုကြီးတစ်ယောက်ဟာ ရွာမှာအမေအိုးကြီးတစ်ယောက်တည်း ပြစ်ထားခဲ့ပြီး တိုင်းတပါးမှာ အလုပ်သွားလုပ်နေရှာတယ်ဗျ ။
ကိုအောင်ဖေရဲ့အမေဟာ အသက် ခြောက်ဆယ်ကျော်ခုနှစ်ဆယ်ဝန်းကျင်လောက် ရှိနေပြီဖြစ်၍ ကျွန်တော်တို့က အဘွားလို့ခေါ်ကြတာပေါ့ ဆရာရယ် ။ အဘွားနာမည်က ဒေါ်ချောစုတဲ့ဗျာ ။ အဘွားဒေါ်ချောစုဟာ နာမည်နဲ့လိုက်အောင် ချောတယ်ဆရာရေ့ ။ အဘွားငယ်ငယ်တုန်းက ရိုက်ထားတဲ့ ဓါတ်ပုံတွေကို ကြည့်ပြီး ကျွန်ပ်ညီမလေးက ဘာမေးတယ်ထင်လဲ ဆရာ ။
“ အဘွားက ဒီဓါတ်ပုံထဲမှာ အရမ်းလှပြီး ဘာဖြစ်လို့အပြင်မှာ ရိုးစုကြီးဖြစ်နေရတာလဲ ကိုကို ” တဲ့
ကျွန်ပ်ညီမလေးက အခုမှကိုးနှစ်သမီးအရွယ်ပဲ့ ရှိသေးတော့ သုခမျှာ လူ့လောကအကြောင်းကိုကောင်းကောင်း ဘယ်နားလည်မလဲ ဆရာရယ် ။ အကိုဖြစ်တဲ့ ကျွန်တော်ကပဲ့ ညီမလေး နားလယ်သဘောပေါက်အောင် အသေးစေ့ရှင်းပြရတာပေါ့ဆရာရယ် ။
“ အော်.. ဒီလိုလား ။ ဒါဆို ညီမလေးလဲ နောက်ထပ် အနှစ်ခြောက်ဆယ်လောက်ဆို အဘွားချောစုလို ရိုးစုကြီးဖြစ်ပြီပေါ့နော် ” တဲ့ ။
ညီမလေး ပြောလည်းပြောချင်စရာဘဲ ဆရာရယ် အဘွားက အာဟာရ ကောင်းကောင်းလည်း မစားရတော့ အရိုးပေါ်အရေဖိုးပြီး ပိန်လိန်နေတာပဲ့ ဆရာရယ် ။ ကျွန်တော်တို့လည်း ကျောင်းက တစ်ဖက်နဲ့ဆိုတော့ တတ်နိုင်သမျှအချိန်လေးမှာတော့ အဘွားဆီ သွားပြီး ပြုစုပေးရတာပေါ့ ဆရာရယ် ။ ကျောင်းပိတ်ရက်ဆိုရင်တော့ ကြူရှင်သွားပြီးအပြန် ကျွန်တော်တို့ မောင်နှမနှစ်ယောက် အဘွား
ချောစုရဲ့ အိမ်ကိုသွားပြီး ကျောင်းစာတွေလုပ်ကြတာပေါ့ ။ တစ်ခါတလေ အဘွားက ကျွန်တော်တို့ မောင်နှမ နှစ်ယောက်ကိုကြည့်ပြီး မျက်ရည်ဝဲကာ ပြောနေလိုက်တာ ရင်ထုနာဖြစ်မိပါတယ် ဆရာရယ် ။
“ အဘွားရဲ့သား မောင်အောင်ဖေ တစ်ယောက် အိမ်ကထွက်သွားတာ အခုဆို လေးငါးနှစ်လောက်ရှိနေပြီ ။အမေ့သားလေး အောင်ဖေ မင်းဘယ်ရောက်လို့ဘယ်ပေါက်နေပါလိမ်း ။ သုခမျှာ မိဘကို လုပ်ကြွေးမလို့ ပြည့်ပကိုထွက်ပြီး ပိုင်ဆံသွားရှာတာ အဆင်မှပြေပါရဲ့လား ၊ နေလို့မှကောင်းရဲ့လား ၊ အစားအသောက်များ မှအဆင်ပြေရဲ့လား မသိ ။ အမေ့သားလေး အောင်ဖေတစ်ယောက် ရောက်လေရာအရပ်ဒေသမှာ သူတော်ကောင်းသူမြတ်လောင်းတွေနဲ့ တွေ့ရပါစေ ၊ အသံကြား သနားပါစေ ၊ မျက်နာမြင် ချစ်ခင်ကြပါစေ ” ဟု အမြဲတမ်းဆုတောင်းပေးနေရှာတယ် ဆရာရေ့ ။
ကျွန်တော်တို့ရွာက လူငယ်တွေ ကိုအောင်ဖေလိုပဲ ပြည့်ပကိုထွက်ပြီး အလုပ်သွားလုပ်နေကြတာ မနည်းပါဘူး ဆရာရယ် ။ တနေ့တစ်နေ့မှာ ပို့လိုက်တဲ့ ပိုက်ဆံတွေ အိမ်တိုင်းလိုလိုရောက်နေတာ ဆရာရေ့ ။ ကျွန်တော်တို့အိမ်မှာလည်း အကိုကြီး ဝင်းလှိုင်တစ်ယောက် ထိုင်းမှာ အလုပ်သွားလုပ်ပြီး ပို့လိုက်တဲ့ ပိုက်ဆံတွေ လတိုင်းလိုလိုပါဘဲ ဆရာရယ် ။ ကျွန်တော်တောင် အကိုကြီးကို အားကျပြီး ကျောင်းပိတ်ရင် သူနောက်လိုက်မလို့ လုပ်နေတာ ။ ဒါပေမဲ့ ကိုအောက်ဖေ တစ်ယောက် ရွာကထွက်သွားတာ လေးနှစ်သာကျော်နေပြီး ပိုက်ဆံပို့ပေးဖို့နေနေသာသာ ဖုန်းတောင်ယောင်ပြီး တစ်ခါမှာ မခေါ်ဘူး ဆရာရေ့ ။ အဘွားရဲ့ စားဝတ်နေရေးကိုတော့ ကျွန်ပ်အမေကပဲ့ တတ်နိုင်သလောက် တာဝန်ယူပြီပြုစုပေးနေတာ အခုဆိုကြာပေါ့ ဆရာရယ် ။ ဒါပေမဲ့ အဘွားချောစုကတော့ ညိမ်ညိမ်မနေ အိမ်နဲ့ နှစ်မိုင်လောက်ဝေးတဲ့ သူ့ရဲ့ ဥယျာဉ်ခြံထဲကို တစ်ယောက်တည်း တောင်ဝှေ့တစ်ချောင်းကိုင်ကာ ကိုးကွကိုးကွနဲ့ ဝင်သွားပြီး တွေ့သမျှ ကင်းမွန်းချည်ရွက် ၊ တညှင်ရွက် ၊ ဟင်းချိုရွက်များကို ခူးပြီး ရွာထဲမှာလိုက်ရောင်းနေတာပေါ့ ဆရာရယ် ။ ကျွန်တော်တို့တစ်ရွာလုံးကလည်း အဘွားချောစုကို သနားတယ်ဆိုတော့ တွေ့သမျှလူတွေက အဘွားရဲ့ ဟင်းရွက်များကို ဝယ်ကြတာပေါ့ ဆရာရယ် ။ အဘွားက သူရောင်းလို့ရလာတဲ့ ပိုက်ဆံတွေထဲက ကျွန်တော်တို့ မောင်နှမနှစ်ယောက်အတွက် မုန့်တွေ အမြဲဝယ်လာကြွေးပါတယ် ဆရာရယ် ။ ကျွန်တော်ဖြစ် အဘွားတစ်နေကုန် ပင်ပန်းခံပြီး ရှာလို့ရလာတဲ့ ပိုက်ဆံနဲ့ဝယ်ကြွေးတဲ့ မုန့်ကို
“ ကျွန်တော် မစားပါရစေနဲ့ အဘွားရယ် ” လို့ အမြဲပြောပါတယ် ။ တကယ်လည်း ကျွန်တော် မစားခဲ့ပါဘူးဗျာ ဒါပေမဲ့ ကျွန်ပ်ရဲ့ ညီမလေးကတော့ အဘွားကြွေးတဲ့ မုန့်တွေကို စားနေလိုက်တာ ဇူဇကာ ပုဏ္ဏားကြီးကျနေတာဘဲ ဆရာရယ် ။ နောက်ပြီး သူကများ ကျွန်ပ်ကို ပြောလိုက်သေးတယ် ။
“ အကိုက အဘွားရဲ့ စေတနာကို နားမလည်ဘူး ၊ လူကြီးက စေတနာနဲ့ကြွေးရင် စားမှပေါ့ အကိုရယ် ၊ ညီမလေးကတော့ အဘွားရဲ့စေတနာကို နားလည်တယ် ဒါကြောင့်လည်း ဒီမုန့်တွေကို မကုန်ကုန်အောင် စားနေရတာပေါ့ ” တဲ့ ။
ညီမလေးကလည်း ကျွန်ပ်လိုပဲ အရွယ်နဲ့မလိုက်အောင် စကားပြောသိပ်ကောင်းတာ ဆရာရေ့ ။
ဒါနဲ့စကားမစပ် ကျွန်ပ်မှာ ညီအစ်ကိုမောင်နှမ သုံးယောက်ရှိတယ် ။ အကိုကြီး ဝင်းလှိုင်ကတော့ ကျောင်းပြီးလို့ ယိုးဒယားထွက်ပြီး အလုပ်သွားလုပ်နေပြီ ကျွန်တော်ကတော့ အခု ဆယ်တန်းတတ်နေတယ် ။ ကျွန်ပ်ညီမလေးကတော့ တတိယတန်း တတ်နေပါတယ် ။ နောက်ပြီး ကျွန်ပ်တို့မောင်နှမသုံးယောက်ဟာ အသက်တွေ တော်တော်လေး ကွာကြတယ် ဆရာရေ့ ။
ညီမလေးက ကိုးနှစ် ကျွန်တော်က တစ်ဆယ်နဲ့ရှစ်နှစ် အကိုဝင်းလှိုင်ကတော့ နှစ်ဆယ်နဲ့ခုနှစ် နှစ်ပါဆရာရယ် ။ ကျွန်ပ်အကို ဝင်းလှိုင်နဲ့ အဘွားချောစုရဲ့သား ကိုအောင်ဖေ တို့နဲ့ဆို အသက်အရွယ်တူ လောက်ရှိမှာပေါ့ ဆရာရယ် ။ အသက်နှစ်ဆယ်ကျော် သုံးဆယ်ရောက်နေပြီး မိခင်ကြီးအပေါ် အလိုက်မသိတဲ့ ကိုအောင်ဖေ ရဲ့အကြောင်းကို ကျွန်တော်မပြောချင်ပေမဲ့ ဆရာတို့သိအောင်လို့သာ ပြောပြနေရတာပါဆရာရယ် ။ နောက်ပြီး အဘွားဟာ အသက်အရွယ်လည်း ရလာပြီဆိုတော့ ကျမ္မာရေးက အမြဲတမ်းလိုလို ချူချာနေတာ ။ တစ်ခါတစ်လေ အိမ်မှာ တစ်ယောက်တည်းမူးလဲနေတာ ဘယ်သူမှမသိလိုက်ဘူးဆရာရယ် ကျွန်ပ်ဖြင့် အဘွားပြန်ပြောပြလို့သာ သိလိုက်ရတာ ။ အဘွားချောစု နေမကောင်းဖြစ်တိုင်း ကျွန်ပ်အမေက ကျွန်ပ်တို့နဲ့အတူ အိမ်မှလိုက်နေဖို့ အမြဲတမ်းခေါ်ပါသေးတယ်။ အဘွားက အသက်ကြီးပြီဆိုပေမဲ့ စွဲလန်းက သိပ်ကြီးတာ။ သူ့ရဲ့ဟောင်းနွမ်းနေတဲ့ အိမ်လေးကို လူမရှိဘဲ ဒီအတိုင်းမပြစ်ထားချင်ဘူးတဲ့ ဆရာရယ် ။ အမေလည်း အဘွားကို ဘယ်လိုမှ ပြောမရတဲ့ အနောက်ပိုင်း ဒီလိုပဲ ဝေးကနေကြည့်ရှုနေရတာပေါ့ ဆရာရယ် ။
နောက်သင်္ကြန်ကျမဲ့အရက်လည်းနည်းလာရော ကျွန်ပ်အကို ဝင်းလှိုင် ယိုးဒယားက ပြန်လာတယ်ဆရာရေ့ ။ အကိုက အသားရေတွေပိုဖြူပြီး လှလို့ဝလို့ပါဗျာ ။ နောက်ပြီး ကျွန်တော်နဲ့ ညီမလေးအတွက် အင်္ကျီနဲ့ ဘောင်းဘီတွေ ဝယ်လာပေးတာ အများကြီးဘဲ ဆရာရေ့ ။ ညီမလေးဖြစ်ပျော်လွန်းလို့ ခုန်ဆွခုန်ဆွနဲ့ ကနေလိုက်တာ မျောက်ကြီးကျနေတာဘဲ ။ မနက်ဖြန်ရောက်တော့ အကိုဝင်းလှိုင်ကို အဘွားချောစုရဲ့အကြောင်းပြောပြရင် ကျွန်တော် ကိုအောင်ဖေ ရဲ့ သတင်းမေးဖြစ်လိုက်တယ် ။
“ အကို ယိုးဒယားမှာ ကိုအောင်ဖေကို မတွေ့ဘူးလား ”
“ တွေ့တာပေါ့ ငါ့ညီရရာ ဒါပေမဲ့ ဒီကောင်က အကိုနဲ့ အတွေ့မခံဘူး ။ အကို့ကိုမြင်ရင် သူအမြဲရှောင်ရှောင်ပြီး သွားလိုက်တာ ” အကိုက ကျွန်ပ်ကို စိတ်ရှည်စွာနဲ့ ပြောပြနေတယ် ။
“ ဘာဖြင့်လို့အတွေ့မခံတာလည်း အကို ”
“ အခုဒီကောင်က အာစီယံသမားဖြစ်နေပြီလေ ”
“ အာစီယံဆိုတာ ကျွန်တော်တို့နိုင်ငံရဲ့ အိမ်နည်းချင်းနိုင်ငံတွေဖြစ်တဲ့ အာရှ ဆယ်နိုင်ငံကိုပြောတာမဟုတ်ဘူးလား အကို ။ ကိုအောင်ဖေက အာရှရဲ့ အာဏာရှင်တစ်ယောက်လား ။ ဒါမှမဟုတ် ကုပ္ပဏီ စာရေးတစ်ယောက်လားအကို ”
“ မင်းပြောတာ တစ်ခုမှ မဟုတ်ဘူး ။ အာစီယံဆိုတာ သူ့တို့ယိုးဒယားမှာ တရားမဝင်ရောင်းနေတဲ့ သစ်ရွက်တွေကို ပြုတ်ပြီး ပင်ဆီတိုင်လို့ခေါ်တဲ့ ချောင်းဆိုးဆေးတွေထည့်တယ် ခြင်ဆေးခွေတွေထည့်တယ် တဲ့ အကိုလည်းသိပ်ပြီးမသိပါဘူးကွာ သူတို့ပြောတာတော့ ဆယ်မျိုးရှိတယ်တဲ့ ဒါကြောင်းလည်း အဲဒီဆယ်မျိုးကိုပေါင်းပြီး အတိုကောက် အာစီယံ လို့ခေါ်ကြတာပေါ့ကွာ နောက်ပြီး အဒီအရည်တွေကို ကော်ဖီးနဲ့ရောသောက်တာရတာ ၊ အဲဒီလို နေ့တိုင်းသောက်နေမှာတော့ လစာ ဘယ်ကျန်တော့ မလဲ ၊ နောက်ပြီး အဲဒီအရွက်တွေက ဈေးအရမ်းကြီးတာ ”
“ အဲဒီလိုသောက်တော့ ဘာဖြစ်လဲ အကို ”
“ ဘာဖြစ်မလဲကွာ ..မူးတာပေါ့ ”
“ မူးတော့ဘာဖြစ်လဲအကို ”
“ မူးတယ်ဆိုမှတော့ မကောင်းဘူးပေါ့ ”
“ ဘာဖြစ်လို့ မကောင်းတာလဲ အကို ”
“ ဘယ်ကောင်းတော့မလဲကွာ ... အာစီယံလို့ခေါ်တဲ့ အရည်တွေသောက်ပြီး မူးနေမှတော့ ဘုရား တရား တွေလည်းမေ့ မိဘဆရာသမားတွေကိုလည်းမေ့ ကောင်းမှုကုသိုလ်လည်း မလုပ်နိုင် တစ်ခါတစ်လေ အရွက်ဝယ်လို့မရဘဲ အခတ်အခဲတွေရှိရင် အာစီယံမသောက်ရတော့ဘူး ။ အဲလို့မျိုး မသောက်ရတဲ့ နေ့တွေဆို ဒီလူတွေ ရင်းတယ်ဆိုပြီး အလုပ်မဆင်းနိုင်ကြဘူးလေ ။ အလုပ်ဆင်းမနိုင်မှတော့ အလုပ်ပိုင်ရှင် သူဌေးတွေက သူတို့ကို အလုပ်က ထုပ်ကြတာပေါ့ ငါ့ညီရာ ” အကိုရှင်းပြမှပဲ သူငယ်ချင်းတွေပြောပြောနေတဲ့ အာစီယံဆိုတာ ဘာရယ်လို့သိရတော့ ဆရာရေ့ ။
ဒီလူတွေ သူများနိုင်ငံမှာ အလုပ်မရှိဘဲ ဘယ်လိုလုပ်ပြီး ထမင်းစားနေကြပါလိမ်းဟု ကျွန်တော်တွေးမိပါတယ် ဆရာရယ် ဒါပေမဲ့ အကို့ကိုတော့ ထပ်မမေးတော့ပါ ။
နောက်ထပ် ခဏလေးကြာတော့ အမေတစ်ယောက် အဘွားချောစုရဲ့ အိမ်ဘက်ကနေ ကဗျာကရာ ပြေးလာပြီး အိမ်ကဖုန်းနဲ့ ဆရာဝန်ကို ဖုန်းဆက်ပြီး ခေါ်နေတာ ကြားလိုက်ရတယ် ။
“ အခုပြောနေတာ ဆရာဝန် ဦးသန်းနိုင် ဟုတ်ပါသလား ၊ ကျွန်မ မစန္ဒာပါ အခု အဘွားဒေါ်ချောစု အသည်းသန်ဖြစ်နေလို့ ကျေးဇူးပြုပြီး မြန်မြန်လေးလာပေးပါရှင့် ”
အမေဆရာဝန်နဲ့ ဖုန်းပြောပြီး အဘွားချောစုရဲ့အိမ်ကို ပြန်ပြေးသွားတယ် ။ ကျွန်တော်လည်း အမေ့နောက်ကို အကိုဝင်းလှိုင်ကိုခေါ်ပြီး ပြေးလိုက်တာပေါ့ ဆရာရယ် ။ ဟိုရောက်လို့ ကျွန်တော် အဘွားဆီဝင်ပြေးပြီး သွားကြည့်တော့ အခြေနေက သိပ်မကောင်း ။ အဘွားက ကျွန်ပ်ရဲ့လက်ကိုကိုင်ပြီး ပါးစပ်က တတော့တော့နဲ့ ပြောနေလိုက်တာ ဆရာရယ် ။
“ အဘွားရဲ့သားလေး မောင်အောင်ဖေကို အဘွားမျက်စိမမှိန့်ခင် အဘွားဆီပြန်ရောက်အောင်ခေါ်ပေးကြပါကွယ် ”
အဘွားချောစုရဲ့ အဖြစ်ကို ကြည့်ပြီး ကျွန်တော်တို့မိသားတစ်စု ငိုမိပါတယ် ဆရာရယ် ။
အကိုဝင်းလှိုင်လည်း အဘွားရဲ့အဖြစ်ကို မကြည့်ရက်လို့ ယိုးဒယားကသူငယ်ချင်းတစ်ယောက်ကို အကူညီတောင်းပြီး ကိုအောင်ဖေနဲ့ ဖုန်းပြောဖြစ်တယ် ။
“ ဟေလို့ ... အောင်ဖေလား ငါဝင်းလှိုင်လေကွာ.. အခု မင်းအမေ ကျမ္မာရေးအခြေနေ သိပ်မကောင်းဘူးကွ ၊ နောက်ပြီး မင်းအမေကမင်းကို မဖြင့်ဖြစ်အောင်ပြန်လာပါတဲ့ ။ မင်းပြန်လာခဲ့ စမ်းပါကွာ .. မင်းအမေ မင်းပြန်လာမှာကို စောင့်နေတယ် ဟေ့ရောင်ရေ့ ။ အခုဆို မင်းအမေ စကားပြောတာ သိပ်မပီတော့ဘူး ။ မင်းအမေ အသက်မှီအောင် မြန်မြန်ပြန်လာစမ်းပါကွ... ”
အကိုက ဖုန်းကိုခဏညိမ်ပြီး နားထောင်နေတယ် ။ ဟိုဘက်ဖုန်းက ကိုအောင်ဖေ ဘာပြန်ပြောနေလဲ တော့မသိ ။
“ အောင်ဖေရာ မင်းမှာအိမ်ပြန်လာဖို့ လမ်းစရိပ်လေးတောင် မရှိသေးဘူးလားကွာ ” နောက်ပြီ အကို ခဏလေးညိမ်သက်ပြီး နားထောင်နေပြန်ပြီတယ် ။
“ ဒါဆိုရင် မင်းဒီလိုလုပ်ကွာ .. ငါ့ အိမ်ကနေ့ ငွေလွဲပေးလိုက်မယ်၊ မင်း ငါပို့လိုက်တဲ့ငွေတွေနဲ့ဘဲ လမ်းစရိပ်လုပ်ပြီး အိမ်ပြန်ခဲ့ပေါ့ကွာ” တဲ့ ။
အကိုဝင်းလှိုင်က သင်္ကြန်မှာ သုံးဖို့သူစုလာတဲ့ ပိုက်ဆံတွေအထဲက တစ်ချို့ကို ကိုအောင်ဖေအိမ်ပြန်လာဖို့အတွက် ထုပ်ပြီးပို့ပေးလိုက်ပါတယ် ဆရာရယ် ။
အဘွားကလည်း သူ့သားဘယ်ချိန်ပြန်ရောက်လာမလဲလို့ ကျွန်ပ်ကို ခဏခဏမေးနေတာ။
ကျွန်တော်လည်း အဘွားစိတ်ချမ်းသားအောင်
“ မနက်ဖြန်ဆို ရောက်လာတော့မှာပါ အဘွားရယ် ” လို့ ပြောပြီးဖြေသိပ်နေရတယ် ဆရာရယ် ။
အဘွားကသူ့သား ကိုအောင်ဖေရဲ့ငယ်ငယ်က အကြောင်းကို အာလူးလျှာလူးနဲ့ပြောရင်း အမောဆို့လာတယ် ဆရာရေ့ ။
ကျွန်တော်လည်း သိနားလည်သလောက်နဲ့ အဘွားကို သတိပေးရတာပေါ့ ။
“ အဘွားမောနေပြီ စကားသိပ်မပြောနဲ့တော့ အဘွားစိတ်အေးအေးထားပြီး ဘုရား၊ တရား ၊ သံဃာ ရာတနာသုံးပါးကိုသာ အာရုဏ်ပြုပြီးနေပါ အဘွားရယ် ” ဟု ပြောလိုက်တော့ အဘွားက ကျွန်ပ်လက်ကိုကိုင်ပြီး ညိမ်သက်စွာဖြင့် လူ့လောကကြီးထဲကနေ ဘဝတစ်ပါးကို အပြီးပိုင်ထွက်ခွာသွားလေတော့တာပဲ ဆရာရယ် ။ ကျွန်တော်တို့ရွာက လူကြီးလူငယ်တွေအားလုံး ရောက်လာကြပြီး အဘွားရဲ့ အသုဘ ဝေယဝစ္စတွေကို တက်ညီလက်ညီနဲ့ လာလုပ်ပေးကြပါတယ်ဆရာရယ်။
ဒါပေမဲ့ အဘွားရဲ့ အသုဘ ကိုလာကြတဲ့လူတိုင်းကတော့ ကျွန်ပ်ကိုမေးကြတာပေါ့ဆရာရယ် ။
“ မောင်အောင်ဖေတစ်ယောက်ဘယ်မှာလဲ ၊ အမေတစ်ယောက်ဆုံးတာတောင် ဒီကောင် အိမ်ပြန်မလာဘူးလား ” တဲ့ ။
“ ကျွန်တော်ရောက်ပါပြီဗျာ..ကျွန်တော်ရောက်ပါပြီ...” ဟုပြောပြီး လူတစ်ယောက် အိမ်ပေါ်သို့ ငိုယိုပြီး တတ်ပြောလာတယ် ဆရာရေ့ ။ ကျွန်တော် ကိုအောင်ဖေလို့တော့ ထင်တာပဲ ဒါပေမဲ့ အရင်ကျွန်တော်တွေ့တဲ့ ကိုအောင်ဖေ နဲ့လုံးဝမတူ ။ ဆံပင်တွေကလည်း ရှည်ကြီး တစ်ကိုယ်လုံးလည်း ဆေးမင်ကြောင်ထိုးကွင်းတွေထိုးထားလိုက်သေးတယ် ဆရာရေ့ ။ နောက်ပြီး ဟိုအရင်အိမ်မှာနေတုန်းကလို
သားရေးတွေက စိုစိုပြေပြေမရှိ ။ ကိုအောင်ဖေကိုကြည့်ပြီး ကျွန်ပ် ညီမလေးက ဘာမေးတယ်ထင်လဲ ဆရာ ။
“ အဲဒီလူကြီး မီးလောင်ပြီး ပြန်လာတာလား အကို ” တဲ့ ။
ကိုအောင်ဖေတော့ အိမ်ကိုပြန်ရောက်လာပြီးဗျ ဒါပေမဲ့ အဘွားချောစုရဲ့ အသက်ကိုတော့ အမှီလိုက်ဘူးလေ ။ ကိုအောင်ဖေတစ်ယောက် နောက်ကျမှာရောက်လာပြီး သူ့အမေ အသုဘ အလောင်းနဘေးဝင်ထိုင်ပြီး
“ အမေရေ့ ဖြင့်မှဖြစ်ရလေ... အမေမျှော်နေတဲ့ ကျွန်တော်သားမိုက်အခု အမေဆီပြန်ရောက်နေပြီလေ...
အမေ ကျွန်ပ်ကို ခဏပြန်ထပြီးကြည့်ပါလားအမေရယ် ။ အမေပြန်ထပြီး ကျွန်ပ်ကို စကားတွေ ပြောပါလား မေရယ် .. အမေရယ် ကျွန်ပ်ကို ဒီလူ့လောကကြီးထဲမှာ တစ်ယောက်တည်း ထားခဲ့ဒါလားအမေရယ်.. ” တဲ့ ။
အောင်မလေး သူကများ ရာရာစစ “ အမေရယ် ကျွန်ပ်ကို ဒီလူ့လောကကြီးထဲမှာ တစ်ယောက်တည်းထားခဲ့တာလား ” တဲ့ ။ အမေအိုကြီးကို နှစ်နှစ်လလချီပြီး သူပြစ်ထားခဲ့တာကိုတော့ မေ့နေပြီပေါ့ ။ ကျွန်တော်ဖြစ် ကိုအောင်ဖေ ငိုငိုပြီးပြောနေတာမနေနိုင်လွန်းလို့ ဝင်ပြီး
“ အခုမှ လာပြီးငိုမနေစမ်းပါနဲ့ ကိုကိုအောင်ဖေရယ် ” ဟုပြောမိပါတယ် ဆရာရယ် ။
“ အကို မှားပါတယ် ငါ့ညီရယ် ... တကယ်လို့သာ ဒီလိုအဖြစ်ဆိုးနဲ့ အကိုကြုံတွေရမှန်း အစကသိရင် ဘယ်လောက်ကောင်းလေမလဲကွာ .. အခုတော့အကို အိမ်ပြန်နောက်ကျပြီ ငါ့ညီရယ်...အကိုဘဝမှာ ဘယ်လိုမှ အစားထိုးလို့ မရတဲ့ မိခင်အမေကြီးတစ်ယောက်ဆုံးလေပြီကွယ် ”
အကိုအောင်ဖေ တစ်ယောက်အခုလို သံဝေဂရတော့လည်း ကျွန်တော်သနားမိပါတယ် ဆရာရယ် ။ နောက်ခုနှစ်ရက်ပြည့်တော့ အဘွားချောစုအတွက် သံဃာတော်များကိုပင့်ကာ နေ့လယ်ဆွမ်းကြွေးပြီ တရားဓမ္မများနာကြားကာ ရေစက်ချ အမျှပေးဝေလိုက်ရပါတယ် ဆရာရယ် ။
“ ရောက်လေရာ ဘဝမှာ အဘွားဒေါ်ချောစုနှင့်အထပ်တူ သုံးဆယ်တစ်ဘုံ ကျင်လည်ကုန်သော လူ ၊နတ် ၊ ဗြမ္မာ သတ္တဝါအပေါင်းတို့ အမျှ ၊ အမျှ ၊ အမျှ ယူတော်မူကြပါ ကုန်လော...
သာဓု.....သာဓု.....သာဓု.....
အခုစာဖတ်နေတဲ့ စာပေချစ်ပရိတ်သတ်ကြီးလည်း အိမ်ကအမေအိုကြီးကို ကိုအောင်ဖေလို ပြစ်မထားကြပါနှင့် နော်....
ရန်ကျော် ( ထားဝယ် )
ဆက်လက်ကြိုးစားလျှက်
No comments:
Post a Comment